အေးစိမ့်သော ဆောင်းရာသီပြီးနောက် နွေဦးအရောင်ကို ရှာဖွေခြင်းသည် လူများအတွက် လှပသော ဦးတည်ချက်ပါပဲ။ စိတ်ကူးယဉ် ကြည့်ပါ။ အပြင်လိုက် ပန်းပင်လယ်ထဲမှာ ရပ်ပြီး နွေဦးလေက မျက်နှာ လာရိုက်တာကို ခံစားတာဟာ ဘယ်လောက် ကဗျာဆန်ပြီး သာယာလိုက်မလဲ။ --- ၂လပိုင်းရဲ့ ထိန်ချုံးဟာ စိတ်ကို ကြည်လင် ကျယ်ပြန့်စေတဲ့ ဒီလို နေရာပါပဲ။
နွေဦးရာသီ အစောပိုင်းရောက်ရင် ယူနန်ထိန်ချုံးမှာ စိမ်းစိုနေတဲ့ တောတောင်၊ လှပနေတဲ့ ရေမြေ သဘာဝ ပတ်ဝန်းကျင် နဲ့ တောက်ပသော လူ့ယဉ်ကျေးမှု အလှကို ကြည့်ရုံသာမက အရေးကြီးဆုံးဟာ ဒီနေရာမှာ နွေဦးရာသီရဲ့ အိပ်မက်ဆန်ဆန် “ပန်းပင်လယ်” ရှိတယ်။ ထိန်ချုံး ကျဲ့ထို ဆီမုန်ညင်းမြေကို ဝင်ခါစမှာ မျက်စိတစ်ဆုံး ရွှေဝါရောင် ဖြစ်နေတယ်။ “အက်ချလောင်း” ဆိုတာနဲ့ အရောင်တွေရဲ့ ဝဲဂယက်ထဲ ရောက်သွားတယ်။ ဖေဖော်ဝါရီ ၁၄ ရက်ဟာ ထိန်ချုံး စတုထ္တ အကြိမ် ကောင်းလီကုန့်တောင် ပန်းပင်လယ်ပွဲတော် ဖွင့်ပွဲပါ။ ကောင်းလီကုန့်တောင် တောင်ခြေမှာ မီးတောင်ကျောက်နဲ့ ခင်းထားတဲ့ လမ်းကလေးရဲ့ ဘေး၂ဘက်မှာ ရှိတဲ့ ဆီမုန်ညင်းဟာ မျက်စိစူးတဲ့ အလင်း တံခွန်ကဲ့လိုပါပဲ။ ဒီရာသီကို အနှိုင်းမဲ့ နွေဦးအလှတွေ အရူးအမူး၊ တားမရ ဆီးမရအောင် အားရပါးရ သွန်ချပေးနေတယ်။
ကျေးရွာ၊ တောတောင်၊ မီးခိုး၊ အတက်အဆင်း ဆက်တိုက် ဖြစ်နေတဲ့ တောင်တန်း၊ ဆီမုန်ညင်း ပန်းပင်လယ်တို့ တသားတည်းဖြစ်နေတယ်။ နေရောင်အောက်မှာ အရမ်း လက်နေတယ်။ နတ်သမီးပုံပြင်လို ပန်းချီကားနဲ့ တူနေတယ်။ အဲဒီပတ်ဝန်းကျင်ကို ကိုယ်တိုင် မရောက်ဖူးရင် ဘယ်လောက်ပဲ စိတ်ကူးတတ်သူ ဖြစ်ပါစေ အဲဒီ အခြေအနေကို စိတ်ကူးနဲ့ စဉ်းစားလို့ ထွက်မလာပါဘူး။ --- မြောက်ပိုင်းရဲ့ နွေဦးရာသီ မရောက်ခင် ထိန်ချုံးကျဲ့ထိုဟာ ဆိတ်ငြိမ်တဲ့ နူးညံ့မှုနဲ့ “ရွှေငွေ အပြည့်” နဲ့ ဆီမုန်ညင်း ပန်းပင်လယ်ကို လူများရှေ့သို့ ချပြပေးခဲ့တယ်။
ဆီမုန်ညင်းကို တွေ့တာနဲ့ ထိန်ချုံးရဲ့ နွေဦးရာသီဟာ ရွှေဝါရောင်ပါလို့ ပြောရင် မပြည့်စုံပါဘူး။ ဘာလို့လဲ ဆိုတော့ ထိန်ချုံး စီရင်စုမြို့ မြောက်ပိုင်း မာကျန့်ကျေးရွာ ဟော်မုရွာမှာ လက်ဖက်ပင်ပေါင်း သောင်းချီ ပန်းပွင့်နေပါပြီ။ ဟော်မုရွာထဲကို ဝင်လိုက်ရင် တစ်လမ်းလုံး အနီရောင် ပန်းပွင့်နေတဲ့ သဘာဝ ဆီလက်ဖက်တောတွေပါပဲ။ ရွာရဲ့ နေအိမ်တွေဟာ အနီရောင်ပန်းနဲ့ အစိမ်းရောင် သစ်ပင်ကြားမှာ မြှုပ်နေတယ်။ လက်ဖက်ပန်းတွေ အပြိုင်လှနေတယ်။ တရုတ်ဆီးသီးပန်းတွေက အအေးဒဏ်ကို အံတုပြီး ပွင့်နေတယ်။ ဆီမုန်ညင်းတွေနဲ့ အပြိုင်ပဲ။ လမ်းကလေးပေါ် လမ်းလျှောက်ပြီး ငှက်တွန်သံ နားထောင်၊ ပန်းနံ့တွေ ရှူနဲ့။ တွေ့ရတာကတော့ “မြေပြန့်ပြီး နေအိမ်တွေ ညီညာ၊ မြေဆီ ပေါကြွယ်တဲ့ လယ်မြေတွေနဲ့ လှပတဲ့ ရေကန်တွေ၊ တောတောင်တွေ ချိတ်ဆက်နေ၊ ခွေးဟောင်သံ၊ ကြက်တွန်သံတွေ ကြားနေရတဲ့” ကိလေသာ ကင်းတဲ့ ရှုခင်းပါပဲ။ ဇီဝသက်ရှိအချင်းချင်း ယှဉ်ပြိုင်ပြီး သဘာဝ တရားက ကျန်ခဲ့သူကို ရွေးချယ်တဲ့ နိယာမကြောင့် ထိန်ချုံးဟော်မုရွာရဲ့ လက်ဖက်ပင်ပေါင်း သောင်းချီ ဖြစ်လာတယ်။ ခြံမှာ စိုက်တဲ့ဟာနဲ့ မတူဘဲ ဟော်မုရွာက လက်ဖက်ပန်းတွေဟာ အရိုင်းဆန်ဆန် လှနေတယ်။ သဘာဝအတိုင်း ပေါက်နေတဲ့ လက်ဖက်ပင်ဟာ ရွာ၊ တောင်ကုန်း၊ အိမ်ရှေ့အိမ်နောက်မှာ အနီရောင် ပန်းပင်လယ်ကြီး အပြင်လိုက် ဖြစ်လာစေတယ်။
တောင်ကို ရှုခင်းထဲမှာ ပန်းထိုးထား၊ ရေက ပန်းချီထဲမှာ စီးဆင်းနေ။ ထိန်ချုံးမှာ နွေဦးကို လာရှာရင် လက်မလွှတ်သင့်တဲ့ နောက်ထပ် နေရာ တစ်ခုကတော့ ---- ပေးဟိုင် စိမ့်မြေ ပါပဲ။ “ရေပြင်ကြီးက ဧက ထောင်ချီတယ်။ အထဲမှာ မြက်ပင် စိမ်းစိမ်းစိုစို ပေါက်ရောက်နေတယ်။ ပေါလော ပေါ်နေတဲ့ မြက်ခင်းစင်ကဲ့သို့၊ မြစ်ချောင်းများ ကြားထဲကနေ ဖြတ်သွား။” ဒါဟာ ရွှီရှာခက်က ထိန်ချုံး စိမ့်မြေရဲ့ ဆန်းကြယ်မှုကို သရုပ်ဖော်ထားတာပါ။ ထိန်ချုံး စိမ့်မြေရဲ့ ထူးခြားချက်ကိုလည်း ဖော်ပြနိုင်ခဲ့တယ်။ ထိန်းချုံး ခရီးသွားလုပ်ငန်း ရုံးမှ ဒုညွှန်မှူး ကျောက်လီမင်က ပေးဟိုင် စိမ့်မြေသည် ကမ္ဘာပေါ်မှာ တခုတည်းသော ကုန်းမြင့် မီးတောင်ပိတ်ဆို့ကန် စိမ့်မြေ ဖြစ်တယ်။ ဒီနေရာက ရေပေါ်မှာ ပေါလောပေါ် ပေါက်နေတဲ့ မြက်တန်းကို တခြားနေရာမှာ အလွန် တွေ့ရခဲတယ်။ အထူဆုံး မြက်တန်းမှာ ၁-၂ မီတာခန့် ထူတယ်။ ဒီနေရာဟာ အလွန် တွေ့ရခဲတဲ့ အက်စစ်ဓာတ် အပျော့ကန် ဖြစ်တယ်။ မြက်တန်းတွေက ရှင်သန်ဖို့ ပတ်ဝန်းကျင်အပေါ် အလွန် ချေးများတယ်။ ဒီနေရာဟာ မြက်တန်း ရှင်သန်ဖို့ အချက်နဲ့ ကိုက်ညီနေတယ်။ နှစ်ပေါင်း ဘီလီယန် ထောင်ချီမှသာ တဖြည်းဖြည်း ဖြစ်ပေါ်လာတဲ့ မျိုးစိတ် ဗီဇ ဂိုဒေါင်စိမ့်မြေကိုလည်း ဖြစ်ပေါ်လာစေတယ်။
ထိန်ချုံးဒေသခံများက ပေးဟိုင်၏ ရှုခင်းသည် ၁နှစ်၏ ၄ရာသီကို လိုက်ပြီး အဆက်မပြတ် ပြောင်းလဲတတ်တယ်လို့ ပြောတယ်။ ဒါပေမဲ့ အလှဆုံးကတော့ နွေဦးရာသီတဲ့။ စိမ့်မြေ အပြင်ကြီးပေါ်မှာ မာယာများတဲ့ ခရမ်းရောင် ငှက်မြီးသစ်ခွကို ကြည့်ရင်း၊ မြက်ချုံထဲကနေ ရေငှက်များ၏ အော်သံကိုလည်း မကြာခဏ ကြားရသေးတယ်။ ဒါဟာ နွေဦးခရီးမှာ လိုချင်တဲ့ ပတ်ဝန်းကျင်ပဲ မဟုတ်လား။
သာယာတဲ့ ရှုခင်း၊ နေရောင်ကောင်းတဲ့ နေရာမှာ လွှင့်မျှောရတာဟာ ခရီးသွားသူတိုင်းရဲ့ ဆန္ဒပါပဲ။ ပန်းပင်လယ်၊ ရေပူစမ်း၊ ရှေးခေတ်ရွာတွေပါ ရှိမယ်ဆိုရင် အဲဒီနေရာဟာ ဆောင်းတွင်းကို နွေဦး ဖြစ်စေတဲ့ ဘုံနန်းပါပဲ။ မြို့ပြရဲ့ ဆူညံမှု နဲ့ အာရုံနောက်ခြင်းကနေ ခဏခွာပြီး ထိန်ချုံးကိုဝင်၊ သဘာဝ တရားကြီးထဲ နစ်မြှုပ်၊ အေးချမ်းတဲ့ လယ်တော ဘဝကို ခံစား၊ ပန်းပင်လယ်ရဲ့ သင်းပျံ့တဲ့ နွေဦးအနံ့ကို ရှူလိုက်ပါ။ လူ့ဘဝကြီးဟာ မသာယာလွန်းဘူးလား။