အိပ်မက်ထဲမှာ ပေးဟိုင်သစ်ခွလေး တစ်ပွင့် အမြဲရှိနေတယ်။ လေကို ခွင်းပြီး မဟာဆန်ဆန် ပွင့်လန်းနေတယ်။ အဲဒါက ပေးဟိုင်သစ်ခွ ကျွန်မနဲ့ ပြန်ဆုံဖို့ အိပ်မက်လာပေးပြီး ဖိတ်ခေါ်တာထင်တယ်။
ဒါနဲ့ပဲ နေရောင် ပြည့်ဝတဲ့ ရက် တစ်ရက်ကို ရွေးပြီး ဖိတ်ခေါ်တဲ့ အတိုင်းလာခဲ့တယ်။ ခါးလယ်လောက် ရှိတဲ့ ဆံပင်ကို ချထားတယ်။ အပြာရောင် ဂါဝန်ရှည်ကို ဝတ်ပြီးတော့ ဂါဝန်အောက်ခြေ ပေါ့ပါး ပြန့်လွှင့် နေတယ်။ ခြေညှပ်ဖိနပ် စီးပြီး ပေးဟိုင်စိမ့်မြေမှာ ပေးဟိုင်သစ်ခွရဲ့ အနှိုင်းမဲ့ အလှကို လာကြည့်တယ်။
စီရင်စုမြို့ကနေ ကားစီးပြီး ထွက်လာရင် ၁၅ မိနစ်လောက်ဆို ပေးဟိုင်စိမ့်မြေရဲ့ သစ်သား စင်္ကြန်ကို ရောက်ပြီ။ မျက်စိ တဆုံး ကြည့်လိုက်ရင် တောင်တန်းတွေ ဝန်းရံထားတဲ့ စမ့်မြေ စိမ်းစိုနေတယ်။ ဆောင်းရာသီ တစ်ခုလုံး အိပ်စက်နေတဲ့ ပေးဟိုင်စိမ့်မြေဟာ ဧပြီလ နွေဦးလေရဲ့ ပွတ်သပ်မှုအောက်မှာကို ခံယူနေတယ်။ ရေထဲက မြက်ကော်စောဟာ ခါး အကြီးကြီး ဆန့်လိုက်တော့ လှိုင်းတွန့်တွေ ထလာတယ်။ ပြီးတော့ ဖြည်းဖြည်းလေး ပြန်ပြယ်သွားပြီး အိမ်ချင်မူးတူးဖြစ်နေတဲ့ လှေကလေးကို ဝင်တိုက်လိုက်တယ်။ လှေကလေး လန့်ပြီး ဘယ်ညာ ယိမ်းခါသွားတယ်။ ချီတုံချတုံနဲ့ အဝေးကို လွှင့်မျှောတော့မယ်။ ဒါပေမဲ့ ကြိုး တစ်ချောင်းက သူ့ကို စင်္ကြန်မှာ နေခဲ့ဖို့ ချည်နှောင်ထားတယ်။ ရေစက်ပါသူတွေ တက်လာဖို့ စောင့်နေတယ်။
ပေးဟိုင်သစ်ခွလည်း နိုးလာပြီ။ ဆောင်းအိပ်မက် လှလှလေး တစ်ခု မက်ခဲ့တယ်။ ဧပြီလမှာ ခရမ်းရောင် ပင်လယ်ကြီး ဖြစ်သွားတယ်။ စိမ်းစိုနေတဲ့ အရောင်တွေထဲမှာ ပေးဟိုင်သစ်ခွတွေက လုယက်ပြီး ခေါင်းပြူထွက်လာတယ်။ သတိလေးနဲ့ ဟိုကြည့် ဒီကြည့်။ နေရောင် ကျလာတော့ ကျော့ကျော့လေးနဲ့ နွေဦးရောင်ခြည်ကို ဖတ်တွယ်လိုက်တယ်။ ခရမ်းရောင် ပွင့်ဖတ် ၄ ဖတ်ဟာ လိပ်ပြာ တောင်ပံ ဆန့်ထုတ်နေသလိုပဲ။ လေထဲမှာ မသိမသာ လှုပ်ခါနေတယ်။ ပျံသန်းတော့မလိုပဲ။
လူများက ခရမ်းရောင်ဟာ ကဗျာဆန်တဲ့ အိပ်မက်လို့ ပြောတယ်။ ဒါဆို ပေးဟိုင်သစ်ခွဟာ အိပ်မက်က ဖန်ဆင်းထားတဲ့ နတ်သမီးလိုပဲ မဆူညံဘူး။ မကြွားဝါဘူး။
နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း။ ၄ ရာသီ သံသရာ လည်ပတ်နေချိန်မှာ ဧပြီလကိုပဲ ရွေးပြီး စိမ့်မြေရဲ့ ရင်ခွင်မှာ ငြိမ်သက်စွာ ပွင့်လန်းတယ်။ အနံ့ သင်းသင်းကို တိတ်တိတ်လေး ထုတ်လွှတ်တယ်။ မိုးနဲ့ မြေကြားမှာ၊ ထိန်ရွဲ့ ကမ်းနားမှာ ရပ်နေတယ်။ နေဝင်နေထွက်၊ မနက် နဲ့ ညနေရဲ့ အပြောင်းအလဲ၊ ဆုံဆည်းခြင်း နဲ့ ခွဲခွာခြင်းရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေကို ငြိမ်ငြိမ်လေး ကြည့်နေတယ်။
ဒါပေမဲ့ ရေကော်စောထဲမှာ ပေးဟိုင်သစ်ခွဟာ ပေါ့ပါး၊ ပျော့ပျောင်း လှပနေတယ်။ ပန်းပွင့်ရဲ့ ခါးလေးကို လှဲသွားအောင် မဖိရက်ပါဘူး။ ကျွန်မ စင်္ကြန်ပေါ်မှာပဲ ရပ်ပြီး လက်ရမ်းကို မှီပြီး တွေးတောနေတာပါ။
ဗျိုင်း တစ်ကောင်လို ပေးဟိုင်သစ်ခွ ပင်လယ်ထဲကို အေးအေးဆေးဆေးနဲ့ အခြေချလိုက်တာကို စဉ်းစားနေတယ်။ ခြေလက်ဟန်ပန်၊ အပြုံး အားလုံး ပန်းရဲ့ အနံ့သင်းသင်းတွေ ကပ်တွယ်လာတယ်။ တစ်ခါတလေ ခေါင်းလေးငုံ့ပြီး ပင်လယ်ထဲကို ထိုးနစ်လိုက်တယ်။ မတွေ့တော့ဘူး။ ခဏနေတော့ တခြားပန်းပွင့် ဘေးကနေ ပြန်ထွက်လာတယ်။ နောက်ပန်းတစ်ပွင့်ဆီမှာ သွားလည် နေပြီ။
ပန်းတွေ ဝေခြင်း၊ ကြွေခြင်းဟာ အသံ မရှိတာဟာ အသံ ရှိတာထက် ပိုကောင်းနေတယ်။ ပန်းရဲ့ စကားတွေဟာ ပန်းအဆံထဲမှာ ရှိနေတယ်။ ပန်းရဲ့ ရင်ထဲက စကားတွေဟာ ပန်းပွင့်ကာလ ပြီးသွားရင် အတံကနေ ထွက်ခွာသွားပြီး ရေထဲမှာ မျှောပါသွားမယ်။ ရေပြင်ကနေ ပေးဟိုင်သစ်ခွ တစ်ပွင့် ကောက်ပြီး နှာခေါင်းမှာ ထေ့လိုက်တယ်။ ပန်းရနံ့က ရှိနေဆဲ။ ပန်းဝိညာဉ်လည်း ရှိနေဆဲ၊ အဆင်းက ညိုးသွားပေမဲ့ ခရမ်းရောင် ရှိနေဆဲ၊ ကဗျာဆန်ခြင်း ရှိနေဆဲ၊ အိပ်မက်လည်း ရှိနေဆဲပဲ။
သူ့ကို သစ်သားစင်္ကြန်ရဲ့ ဟရာထဲမှာ ညင်သာစွာ ထားလိုက်တယ်။ ခရမ်းရောင်လေးဟာ သစ်သားစင်္ကြန်နဲ့ လိုက်ဖက်လိုက်တာ။ ရုတ်တရက် ရိုးရှင်းတဲ့ အလှဟာ မျက်စိရှေ့ ရောက်လာတယ်။ အနှိုင်းမဲ့အောင် လှနေတယ်။
ဒီလိုနေရာမျိုးမှာ အိပ်မက် တစ်ခုကို ရက်လုပ်ချင်တယ်။ မြက်ခင်း ဘေးမှာ နေရာအလွတ် တစ်နေရာ ရှာပြီး တဲအိမ်လေးဆောက်မယ်။ ပေးဟိုင်သစ်ခွကို လှမ်းမြင်နိုင်ရမယ်။ သူ့ရဲ့ အနံ့ ရရမယ်။ အိမ်ဘေးမှာ သစ်သီးပင် တစ်ပင် စိုက်မယ်။ အိမ်ထဲမှာ စားပွဲပု တစ်လုံး၊ ထိုင်ခုံပု အချို့၊ လက်ဖက်ရည် ဖျော်ဖို့ ပစ္စည်း တစ်စုံထားမယ်။ အပတ်စဉ် နားရက်တွေမှာ သူငယ်ချင်းတွေကို ဖိတ်ပြီး အထဲမှာထိုင်၊ လက်ဖက်ရည် သောက်၊ ရှုခင်းကြည့်၊ အာလူးဖုတ်မယ်။
လူ့ဘဝရဲ့ သာယာမှု မျက်စိမှာအပြည့်၊ နှလုံးသားထဲမှာ အပြည့်။